Thursday, May 4, 2017

အဲ့ဒီ့ ဘိုတဲ မှာ မိစ္ဆာတစ်ကောင် ရှိတယ်

Crd : #Ta Say Ma Lay

အဲ့ဒီ့ ဘိုတဲ မှာ မိစ္ဆာတစ်ကောင် ရှိတယ်
✴✴✴✴✴✴✴✴✴✴✴✴✴✴
`မင်းတို့ သင်္ဘောက တော်တော် အချိန်ကြာကြာ စီးရတာပဲကွ မျိုးဆွေ´
`ဟုတ်တယ် ဆရာ ၊ ဒါတောင် သောင်ထွန်းတဲ့ အချိန် မဟုတ်သေးလို့ ၊
သောင်တင်လို့ကတော့ နောက်တစ်နေ့မှ ရောက်တာ ဆရာ´
သင်္ဘောဆိပ်ကို ရောက်တာနဲ့
ဒယ်ဒီ့ရဲ့ တပည့်ဟောင်းဖြစ်သူ အရပ်ဘက်ဌာနမှ အရာရှိ ဦးမျိုးဆွေ လာကြိုတာမို့
တစ်ဦးနဲ့ တစ်ဦး နှုတ်ဆက်နေကြခြင်းပါ။

ကျွန်မ ဒယ်ဒီက အရပ်ဘက်ဌာနက အငြိမ်းစား အရာရှိကြီးတစ်ဦး ၊
အခုက နယ်မြေတစ်မြို့မှာ ရှိတဲ့ ရှေးဟောင်းဘုရားတွေ ဖူးမြော်ဖို့
ဒယ်ဒီရယ် ၊ မာမီရယ် ၊ ကျွန်မရယ် ရောက်ရှိလာကြတာပါ ၊
ဒယ်ဒီ့ရဲ့ တပည့်ဟောင်း ဦးမျိုးဆွေ ကလည်း ဒီမြို့လေးမှာ
တာဝန်ကျနေတာနဲ့ အခန့်သင့်သွားချိန်မို့လေ ၊
အစက ကျွန်မ လိုက်ပါဖို့ အစီအစဉ် မရှိပါဘူး ၊
ဒယ်ဒီနဲ့ မာမီ နှစ်ယောက်တည်း လာဖို့ပါ ၊
စိတ်ကူးပေါက်ရင် ပေါက်သလို လုပ်တတ်တဲ့ ကျွန်မ အကျင့်ကြောင့်
ဗြုန်းစားကြီးဆိုသလို ကျွန်မပါ လိုက်ပါလာခဲ့တာပေါ့ ။

`ဒါနဲ့ ဆရာ ၊ ဒီသမီးက …..´
`ဒါ ငါ့ သမီးအငယ်မလေကွာ ၊
မင်း ဘယ်မှတ်မိတော့မလဲကွ ၊ မဆုံတာ နှစ်တွေမှ မနည်းတော့တာပဲ´
`သြော် ၊ ဟုတ်ကဲ့ ဆရာ ၊
ကျွန်တော်က ဆရာနဲ့ ဆရာကတော် နှစ်ယောက်တည်း လာမယ် သိထားတာ ၊
ကျွန်တော် ဆရာ့အိမ် လာတုန်းက ဒီသမီးက
(၁၀)နှစ်ဝန်းကျင်လောက်ပဲ ရှိဦးမယ် ထင်တယ်နော်´
`အေး ! အဲ့ဒီ့လောက်ပဲ ရှိဦးမယ် ၊
အကြီးကောင်နဲ့ အကြီးမလည်း မင်း မြင်ရင် မှတ်မိမှာတောင် မဟုတ်တော့ဘူး၊
ဒီ အငယ်မကလည်း အစကတော့ မလိုက်ဘူးဆိုပြီး
ထွက်လာခါနီးမှ လိုက်မယ်ဆိုလို့ဟေ့´ ၊
`ဟုတ်တယ် ဆရာ ၊ ကလေးတွေ ထွားလာမှ
ကိုယ့်ကိုကိုယ် အသက်ကြီးလာမှန်း သိတော့တယ်´
`ဟား !!! ဟား !!! ဒီလိုပါပဲကွာ´။
ဒယ်ဒီနဲ့ သူ့တပည့် ဦးမျိုးဆွေတို့ စကားဖောင်ဖွဲ့တာကို နားထောင်ရင်း
ဘေးဘီဝန်းကျင်ကို ကျွန်မ စပ်စုကြည့်လိုက်တယ် ၊
အမြင်သစ်မို့ အရာရာက အစိမ်းသက်သက် ၊
အဲ့ဒီ့နောက် ဦးမျိုးဆွေ ရဲ့ ဂျစ်ကားလေးနဲ့အတူ
ကျွန်မတို့ တည်းခိုမယ့်နေရာကို သွားကြတယ် ။

ရပ်ကွက်တစ်ခုကို ဖြတ်ကျော်ပြီး မကြာခင်မှာပဲ
မြို့လယ်ပိုင်းရဲ့ အထွက်လို့ ပြောလို့ရတဲ့ နေရာတစ်ခုမှာ ကားကို ရပ်လိုက်တယ် ၊
`ရောက်ပါပြီ ဆရာ ၊ ဒီ ဘိုတဲ မှာပဲ တည်းဖို့
ကျွန်တော် စီစဉ်ထားပါတယ် ၊
သမီးအတွက်တော့ အခုပဲ နေဖို့ နေရာထိုင်ခင်း ပြင်ခိုင်းလိုက်ပါ့မယ် ၊
ပါလာမယ်မှန်း ကြိုမသိလို့ပါ ဆရာ ၊ စိတ်မရှိပါနဲ့´
`ရပါတယ် မျိုးဆွေ ရာ ၊ ငါလည်း ကြိုမှ မပြောမိတာပဲဟာ ၊
အဆင်ပြေသလိုသာ လုပ် ၊ အားမနာနဲ့´
`ဟုတ်ကဲ့ပါ ဆရာ´ ။

မိန်းကလေးပီပီ ကားပေါ်က ဆင်းတာနဲ့ ၀န်းကျင်ကို စပ်စုလိုက်တယ် ၊
ရှေးဟောင်းအဆောက်အဦ တစ်ခု ၊
သူတို့အခေါ်က `ဘိုတဲ´ ၊
အဆောက်အဦပုံစံက အောက်ပိုင်းက တိုက်ခံ ၊
အပေါ်ပိုင်းက ပျဉ်ထောင် ၊
ရုပ်ရှင်တွေထဲမှာ မြင်ဖူးတဲ့ အင်္ဂလိပ်ခေတ်က အဆောက်အဦပုံစံ ၊
`နယ်မှာဆိုတော့ ဒီအဆောက်အဦက
အကောင်းဆုံးပဲလား?မသိ´လို့ တွေးလိုက်မိတာမို့
မာမီ့ အနား ကပ်လို့ မေးကြည့်လိုက်တယ် ၊
`မာမီ ၊ မီးငယ်တို့က ဒီမှာ တည်းရမှာလား?
ဟိုတယ်တို့ မိုတယ်တို့ ဒီမြို့မှာ မရှိဘူးလား?ဟင်?´
`မရှည်စမ်းနဲ့ မိငယ် ၊ ဧည့်သည်က ဧည့်သည်လို နေ ၊
ဒါ မန္တလေး မဟုတ်ဘူး ၊
ဒီမှာ (၃)ညပဲ တည်းမှာကို အဖြစ်သည်းမနေနဲ့´
မာမီ့ရဲ့ ဆူပူမှုကြောင့် ကျွန်မ ဇက်ကလေး ပုပြီး ငြိမ်နေလိုက်တယ် ၊
ဟွန်း !!! နေရမယ့် အဆောက်အဦကလည်း
သရဲကားတွေထဲက အိမ်အိုကြီးပုံစံနဲ့ ၊
အပြင်မှာတော့ မပြောရဲ ၊
စိတ်ထဲကတော့ သိပ်မကြည် ။

ဦးမျိုးဆွေရဲ့ တပည့်တွေက
ကားပေါ်က ကျွန်မတို့ရဲ့ ခရီးဆောင်အိတ်တွေ ၀ိုင်းသယ်ချပေးချိန်
ကျွန်မတို့က ဧည့်ခန်းထဲမှာ ပြင်ဆင်ထားပေးတဲ့
အအေးနဲ့ မုန့်ပဲသရေစာတစ်ချို့ စားသောက်နေကြတယ် ၊
ခဏအကြာမှာ
`ဆရာတို့ ညမမှောင်ခင် ရေချိုးလိုက်ကြပါလား?
တစ်နေကုန် သင်္ဘောစီးလာတော့ နုံးနေကြမှာ၊
ပြီးမှ ဆရာတို့ကို ဒေသထွက် အစားအစာလေးတွေ စားလို့ရအောင်
မြို့ထဲက စားသောက်ဆိုင်မှာ ပြင်ဆင်ထားပါတယ် ဆရာ´၊
`ရပါတယ် မျိုးဆွေရာ ၊ မင်းလည်း ငါတို့အတွက်
သိပ်ပြီး ထွေထွေထူးထူး စီစဉ်မနေနဲ့ ၊
အဓိက က ဘုရားဖူးဖို့ လာတာ ၊
ဒီလောက် အဆင်ပြေတာကိုပဲ ကျေနပ်ပါပြီကွာ´
`ရပါတယ် ဆရာရယ် ၊ ကိုယ့်ဆရာမိသားစု လာလည်တာပဲဥစ္စာ ၊
ကျွန်တော့် တာဝန်သာ ထားလိုက်´
ဒယ်ဒီနဲ့ သူ့တပည့် လေပေးဖြောင့်ပြီးတဲ့နောက်
ကျွန်မတို့ နေထိုင်တည်းခိုရမယ့် အခန်းများကို လိုက်ပို့ကြပါတယ် ။

ဘိုတဲအဆောက်အဦက (၂)ထပ် ၊ ရင်ခွဲအဆောက်အဦ ၊
အောက်ထပ်ကနေ လှေကားအတိုင်း တက်သွားရင် အပေါ်ထပ် ၊
လှေကားထိပ် ရောက်တာနဲ့ ဘယ်ဘက်မှာ တံခါးမကြီး(၁)ချပ် ၊
ညာဘက်မှာ (၂)ချပ် ၊ အနောက်ဘက်ခြမ်းမှာ(၁)ချပ် တွေ့လိုက်တာမို့
အပေါ်ထပ်မှာ အခန်း(၄)ခန်း ရှိတယ်လို့ သိလိုက်တယ် ။

ဒယ်ဒီနဲ့ မာမီ့အတွက် အခန်းက ဘယ်ဘက် လသာဆောင်နဲ့ကပ်လျက် ၊
ကျွန်မအတွက်က ညာဘက်က လသာဆောင်နဲ့ ကပ်လျက်အခန်း ၊
ကျွန်မ အခန်းထဲ ၀င်မယ်လုပ်မှ
အခန်းသန့်ရှင်းရေးလုပ်နေတဲ့ ယောကျာ်း(၂)ယောက် အပြင်ထွက်သွားတယ် ၊
ဒယ်ဒီနဲ့ မာမီ နှစ်ယောက်တည်း လာမယ်လို့ပဲ သိထားတာဆိုတော့
ကျွန်မအတွက် အခန်းက အားချင်း ပြင်ဆင်လိုက်ရပုံပဲ ၊
ဖုန်နံ့တွေတောင် အခန်းထဲမှာ မပျောက်ချင်သေးတာမို့
ခရီးဆောင်အိတ်ကို ချလိုက်ရင်း လသာဆောင်ဘက် ထွက်လိုက်တယ် ၊
ရှေ့တည့်တည့်မှာ ကားလမ်းနဲ့ ရုံးဌာနတစ်ခု ၊
ဘယ်ဘက်ယွန်းယွန်းမှာ ဈေးခေါင်မိုးကို မြင်နေရတယ် ၊
ညာဘက်ခပ်လှမ်းလှမ်းမှာ အထက်တန်းကျောင်းတစ်ကျောင်း ၊
အနောက်ဘက်မှာတော့ လူနေရပ်ကွက်တစ်ခု ရှိတယ် ၊
ဘိုတဲ ဆိုတာက အင်္ဂလိပ်ခေတ်က ဧည့်သည်တွေ တည်းခိုဖို့
ဆောက်လုပ်ထားတဲ့ အဆောက်အဦမှန်း ဒယ်ဒီ ပြောလို့ သိရတယ် ၊
ဒါဆို ဒီအဆောက်အဦက နှစ်ပေါင်း ဘယ်နည်းတော့မလဲ?
ဒါ့ကြောင့် ရှေးဟောင်းဒီဇိုင်း ဖြစ်နေတာကိုး ။

ဒယ်ဒီတို့ အခန်းက VIP အခန်းမို့လို့လား? မသိ ၊
ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါတယ် ၊
ကျွန်မ အခန်းကတော့ မပါဘူး ၊
မာမီက ရေချိုးခန်း၊ အိမ်သာ သုံးချင်ရင် သူတို့အခန်းမှာပဲ သုံးတဲ့ ၊
ဦးမျိုးဆွေကတော့ လိုက်ပြတယ် ၊
လှေကားထိပ်တည့်တည့်အခန်းက စတိုခန်း (ပိတ်ထားတယ်)၊
သူ့ဘေးမှာမှ ရေချိုးခန်း၊ အိမ်သာတစ်ခု ရှိတယ် ၊ အများသုံးပေါ့။
အပေါ်ထပ် တက်လာတုန်းက နံရံနဲ့ ကွယ်နေတော့ မမြင်ခဲ့ရဘူး ၊
အဲ့ဒီမှာလည်း သုံးလို့ ရပါတယ်တဲ့ ၊
တော်ပါပြီ ၊ မာမီတို့အခန်းမှာပဲ သုံးတော့မယ် ။

ရေမိုးချိုး ကိုယ်လက်သန့်စင်လိုက်မှ
တစ်နေကုန် သင်္ဘောစီးခဲ့လို့ နုံးချည့်နေတာ လန်းဆန်းသွားတယ် ၊
အဲ့ဒီ့နောက် ဦးမျိုးဆွေရဲ့ ဂျစ်ကားလေးနဲ့ပဲ စားသောက်ဆိုင်ကို သွားကြတယ် ၊
ကြိုတင် Booking လုပ်ထားဟန် တူပါတယ် ၊
စားပွဲတစ်ခုပေါ်မှာ ပန်းကန်ခွက်ယောက် စားစရာက အသင့် ၊
ဦးမျိုးဆွေရဲ့ တပည့်နှစ်ယောက်လည်း အသင့်စောင့်နေတယ် ။

ဆိုင်ရှင်ကလည်း လာနှုတ်ဆက်တယ် ၊
အဲ့ဒီ့နောက် ဟင်းလျာတွေကို ပြောပြတယ် ၊
ဒယ်ဒီနဲ့ ဦးမျိုးဆွေတို့က ဘီယာ(၁)လုံးစီ သောက်နေကြသေးတာမို့
ကျွန်မနဲ့ မာမီလည်း စကားပြောရင်း ထမင်းစား စောင့်နေရသေးတယ် ၊
ဒယ်ဒီတို့ သောက်လို့ ပြီးမှ မိသားစုနဲ့အတူ
ဦးမျိုးဆွေတို့ လင်မယားပါ ထမင်းအတူ စားကြတယ် ၊
ဒေသထွက်ဟင်းက တော်တော်လေး စားကောင်းတယ် ၊
ကျွန်မ ပါးစပ်နဲ့ ခံတွင်းတွေ့တာမို့
ထမင်း(၂)ပန်းကန်တောင် ကုန်သွားတာပေါ့ ၊
စားသောက်ပြီးတော့ အချိုပွဲ တည်း ၊
စီစဉ်ထားတာက မနက် Breakfast စားပြီးမှ ဘုရားဖူးမယ်တဲ့ ၊
ကျွန်မလည်း ထမင်းစားများလို့ ဗိုက်ကလည်း လေး ၊
ညောင်းလည်း ညောင်းကိုက်နေပြီမို့ နားချင်နေပြီလေ ၊
အဲ့ဒီ့နောက် ဘိုတဲ ကို ပြန်လာကြတယ် ၊
ပြန်ရောက်တော့ ည(၈)နာရီခန့် ၊
ဘိုတဲ ဧည့်ခန်းထဲမှာ ဒယ်ဒီတို့နဲ့ ဦးမျိုးဆွေတို့ လင်မယား စကားကောင်းနေကြပြန်ရော ၊
ကိုယ်နဲ့လည်း သက်ဆိုင်တဲ့ အကြောင်းအရာ မပါတာမို့
အခန်းထဲ ပြန်နှင့်မယ်ဆိုပြီး နှုတ်ဆက်လို့ အပေါ်ထပ်ကို တက်လာခဲ့လိုက်တယ် ။

လှေကားထိပ်ကို ရောက်တဲ့အချိန်မှာ
အများသုံး ရေချိုးခန်း/အိမ်သာဘက်ကို သွားတဲ့ နံရံအကွေ့မှာ
လူရိပ်တစ်ခု ဖြတ်သွားတာ မြင်လိုက်ရတယ် ၊
ဒီက လူတစ်ယောက်ပဲ နေမှာပါလို့ တွေးလိုက်ရင်း
ကိုယ့်အခန်းတံခါးကို ဖွင့်ဝင်လိုက်တယ်ဆိုရင်ပဲ
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့အားသင့်သွားရတယ် ၊
ကျွန်မ အခန်းတစ်ခုလုံး ရှုပ်ပွလို့ ၊
ခြင်ထောင်စတွေလည်း လျော့ကျ ၊
စောင်က ကြမ်းခင်းပေါ်မှာ ၊
ကျွန်မ ခရီးဆောင်အိတ်ကလည်း အောက်ကို တွဲလောင်းကျနေတယ် ၊
အ၀တ်အစားတွေလည်း ပြန့်ကြဲလို့ ၊
ဘယ်သူ ငါ့အခန်းထဲ ၀င်ပြီး ဖွသွားတာလဲ?
ကျွန်မ ဒေါသ နည်းနည်းထွက်သွားတာမို့
အောက်ထပ်ကို ပြန်ပြေးဆင်းလာခဲ့ပြီး ဧည့်ခန်းကို သွားလိုက်တယ် ၊
ဒယ်ဒီတို့က စကားပြောနေတာမို့
မာမီ့ကိုပဲ မျက်နှာရိပ်မျက်နှာခြည်နဲ့ အပြင်ခေါ်ထုတ်လိုက်တယ် ။

ဧည့်ခန်းအပြင်ရောက်မှ `ဘာလဲ? မီးငယ် ၊
ဒီမှာ လူကြီးတွေ စကားပြောနေတာကို၊
အလိုက်ကမ်းဆိုးကို မသိဘူး´
`မာမီကလည်း ဆူဖို့ပဲ သိတယ် ၊
သမီး အခန်းထဲကို လူဝင်မွှေထားတယ် မာမီရဲ့ ၊
ပစ္စည်းတွေလည်း ရှုပ်ပွပြန့်ကြဲလို့ ၊
အဲ့ဒါကြောင့် မာမီ့ကို လာခေါ်တာ´
`ဟင် ? ဟုတ်ရဲ့လား? မီးငယ်ရယ်´
`မဟုတ်ပဲနဲ့ မာမီ့ကို လာပြောမလား?လို့ ၊ လာ လိုက်ကြည့်´
ကျွန်မ အရှေ့က ဦးဆောင်လို့ မာမီ့ကို အပေါ်ထပ် ခေါ်သွားလိုက်တယ် ။

`ဟုတ်ပါရဲ့ ၊ ရှုပ်ပွနေပါရော့လား?
ဒါတွေ မီးငယ် လုပ်ထားတာတော့ မဟုတ်လောက်ပါဘူးနော်´
မာမီ က ကျွန်မကို မသင်္ကာတဲ့ မျက်လုံးနဲ့ ကြည့်ရင်း မေးနေတာမို့
`ကိုယ့်ပစ္စည်း ကိုယ်ဖွစရာလားလို့ မာမီကလဲ´
`ပြောမရဘူးလေ ၊ ညည်းက ဒီမှာ မတည်းချင်ဘူး ပြောနေတာကိုး ၊
မာမီက ညည်းအကျင့်တွေကို သိတယ်လေ´
`တကယ်ပါ မာမီရယ် ၊ သမီး လုပ်တာ မဟုတ်ပါဘူး´
`ဘာတွေ ပျောက်တာ ရှတာ ရှိသေးလဲ? မီးငယ်´
မာမီ ပြောမှ ကျွန်မ ခရီးဆောင်အိတ်ထဲက ပစ္စည်းတွေ လိုက်စစ်လိုက်တယ် ၊
ထမင်းသွားစားတုန်း ပိုက်ဆံအိတ်က ယူသွားတာမို့
တန်ဖိုးရှိပစ္စည်းဆိုလို့ မကျန်ခဲ့ ၊
အ၀တ်အစားအချို့နဲ့ အလှပြင်ပစ္စည်း ၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်းအချို့သာ
အခန်းထဲ ထားခဲ့တာမို့ ပျောက်တာရှတာ မရှိ ၊
ရွှေ ငွေ တန်ဖိုးရှိတာ မတွေ့လို့ ဖွရင်း ရှာရင်း ထားခဲ့ပုံပဲ။

`အဲ့ဒါဆို မာမီ့အခန်းလည်း သွားကြည့်လိုက်ဦးလေ´
`ဟုတ်ပါရဲ့ ၊ သွားကြည့်ရအောင် မီးငယ်´
မာမီ့အခန်းတံခါးဖွင့်လိုက်တော့ ပစ္စည်းတွေက သူ့နေရာနဲ့ သူ ၊
ထားခဲ့တဲ့အတိုင်း ခြေရာလက်ရာ မယိုယွင်း ၊
ဒါဆို မီးငယ် အခန်းကိုပဲ ၀င်မွှေသွားတာပေါ့ ။

`ပစ္စည်း မပျောက်ရင် ဘာမှ ဆက်ပြောမနေနဲ့တော့ ၊
ကိုမျိုးဆွေတို့ကို အားနာဖို့ ကောင်းတယ် ၊
ညည်း ဒယ်ဒီကိုလည်း ပြောမနေနဲ့ ၊
ပွစိပွစိနဲ့ ဆူနေဦးမယ်´
`ဟုတ် မာမီ´
ည(၉)နာရီခွဲမှာ မြို့ကို ဖြန့်ဝေတဲ့ ဒီဇယ်မီးစက်ရုံက မီးပိတ်တော့မှာမို့
ဒယ်ဒီ (၉)နာရီလောက်မှာ အပေါ်ထပ် ပြန်တက်လာတယ် ၊
ကျွန်မလည်း မာမီတို့အခန်းက ရေချိုးခန်း/အိမ်သာမှာပဲ
သွားတိုက် အပေါ့အပါးသွားပြီး ကိုယ့်အခန်း ကိုယ်ပြန်ဝင်
အခန်းတွင်းကနေ တံခါးချက်ချထားလိုက်ရင်း
မနက် Breakfast စားပြီးတာနဲ့ ဘုရားဖူးထွက်မှာဆိုတော့
ဒီည စောစောအိပ်မှလို့ တွေးကာ ခြင်ထောင်ချလိုက်တယ် ၊
ကုတင်ဘေးက စားပွဲပေါ်မှာတော့ ဖယောင်းတိုင်တစ်ထုပ်နဲ့
မီးခြစ်တစ်လုံး ဘိုတဲက လူတွေက စီစဉ်ချထားပေးတယ်၊
(၂)တောင့်ထိုး ဓာတ်မီးတစ်လက် ပါလာတာမို့
လိုလိုမယ်မယ် ခေါင်းအုံးဘေးမှာ ချထားလိုက်ရင်း ၊
ဘုရားဝတ်ပြုပြီးတဲ့နောက် အပေါ်ထပ်မို့
လသာဆောင်ဘက် ပြတင်းတံခါးကို ဖွင့်လိုက်ပြီး ကုတင်ပေါ် လှဲချလိုက်တယ် ၊
`အင်း ! အခုမှပဲ အညောင်းဆန့်ရတော့တယ်´။

အချိန်မှန် ည(၉)နာရီခွဲမှာ မြို့မီးစက်မီး ပိတ်သွားပေမယ့်
ပြတင်းပေါက်က ၀င်လာတဲ့ လအလင်းရောင်ကြောင့်
ဇာခြင်ထောင်ပါးပါးအောက် လရောင်ဆမ်းသော ညမှာ
ကျွန်မ မကြာခင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ် ။

`ထစမ်း !!! ထစမ်း !!!´
ခေါ်နှိုးသံ ကြားလိုက်ရတာမို့  ကျွန်မ အိပ်ချင်မူးတူး ဖြစ်သွားတယ်၊
`ဘယ်သူလဲ ? မာမီလား ?´
လအလင်းရောင်ကြောင့် ဇာခြင်ထောင် အပြင်ဘက်ကို
ထွင်းဖောက်မြင်လိုက်ရတာက လူရိပ်သဏ္ဍာန်တစ်ခု ၊
ကျွန်မ အခန်းတံခါးက ပွင့်နေတယ် ၊
ဘာလို့ ပွင့်နေတာလဲ?
တံခါး ချက်မကျတာများလား?
မာမီ လာခေါ်နှိုးတာလား?
ဒွိဟစိတ်နဲ့ ကျွန်မ အိပ်ယာက ထထိုင်လိုက်တယ် ၊
အဲ့ဒီ့နောက် ခြင်ထောင်ကို လှန်လို့ ကျွန်မ ကုတင်ပေါ်က ဆင်းလိုက်တယ် ၊
ပြီးမှ သတိရလို့ ခေါင်းအုံးဘေး ချထားတဲ့ ဓာတ်မီးကို လှမ်းယူပြီး ထိုးလိုက်တယ်၊
ဘယ်သူမှ မရှိ ၊
အခန်းအပြင်ကို ခေါင်းပြူကြည့်ရင်း ဓာတ်မီး ဝေ့ထိုးကြည့်လိုက်တယ် ၊
အပေါ်ထပ်တစ်ခုလုံး တိတ်ဆိတ်လို့ ၊
ဒယ်ဒီနဲ့ မာမီတို့အခန်းလည်း ပိတ်လျက်သား ၊
စိတ်ထင်လို့ ဖြစ်မှာပါလေလို့ ဖြည့်တွေးလိုက်ရင်း
အခန်းတံခါးမကြီး ပြန်ပိတ်ဖို့ လုပ်ခါမှ
ဗိုက်ထဲက နာလာတယ် ၊
အင်း ! စပြီ ၊ ငါ ညနေက ထမင်းစားကောင်းကောင်းနဲ့
အစပ်တွေ အများကြီး စားလိုက်တာ ၊
ခုမှ ဗိုက်က ထရစ်ပြီ ၊ အိမ်သာ သွားဦးမှ´။

မာမီတို့ အခန်းက အိမ်သာကို သွားမယ်ဆိုပြီး
အတက်အဆင်းလှေကားထိပ်ကို သွားလိုက်တယ် ၊
ပြန်စဉ်းစားကြည့်လိုက်တော့မှ
ဒီအချိန် ဒယ်ဒီနဲ့ မာမီတို့ အိပ်မောကျနေလောက်ပြီ ၊
ခေါ်နှိုးရမှာ အားနာတာနဲ့ အပေါ်ထပ်ထောင့်မှ ရှိတဲ့
အများသုံး အိမ်သာကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်တယ် ။

မီးအလင်းရောင် မရှိတာမို့ စိတ်ထဲက နည်းနည်းတော့ တွန့်သွားတယ် ၊
မတတ်နိုင်ဘူးလေ ၊
ဗိုက်ထဲကလည်း ရစ်လာပြီ ၊
ဓာတ်မီးကို ထိုးရင်း အများသုံးအိမ်သာကို ခပ်သုတ်သုတ် လျှောက်သွားလိုက်တယ် ၊
အာရှသုံး ရိုးရိုးအိမ်သာပါ ၊
အနံ့အသက်ဆိုး မရှိတာမို့ စိတ်ချမ်းသာသလို ဖြစ်သွားတယ် ။

အိမ်သာ အသုံးပြုနေချိန် ဘေးရေချိုးခန်းက အမျိုးသမီးတစ်ယောက်ရဲ့ အသံ ၊
တကယ်ကို ပီပီသသကြီးပါရှင် ၊
`ထွက်သွား ၊ ထွက်သွား´
`ရှင်!!!´
ကျွန်မ ပါးစပ်ကတောင် ယောင်လို့ လွှတ်ခနဲ ပြန်ထွက်သွားတယ် ၊
ဘယ်သူ့ကို ပြောနေတာလဲ?
ဘယ်သူ ပြောနေတာလဲ?
အမှန်အတိုင်း ၀န်ခံရရင် ကျွန်မ ခေါင်းနပန်းကြီးသွားတယ် ၊
အဲ့ဒီ့နောက် ကျွန်မ စိုးထိတ်စိတ် ၀င်လာတာမို့
အိမ်သာကို အမြန်အသုံးပြုပြီး တံခါးဖွင့် အမြန်ထွက်လာခဲ့လိုက်တယ် ၊
ကျွန်မ အခန်းဝကို မရောက်ခင်
စိတ်ထဲက မသန့်တာကြောင့် အနောက်ကို လှည့်ကြည့်လိုက်တော့
အိမ်သာ/ရေချိုးခန်း သွားတ့ နံရံထောင့် အကွေ့မှာ အရိပ်သဏ္ဍာန်တစ်ခု ၊
ခဏလေးပါပဲရှင် ၊
တကယ်ကို မြင်လိုက်ရတာ ခဏလေးပါပဲ ၊
ပျောက်ကွယ်သွားတယ် ၊
ကျွန်မ ရင် ဒိန်းခနဲ ခုန်သွားတယ် ၊
ဘယ်ပျောက်သွားတာလဲ?
စဉ်းစားမနေတော့ဘူး ၊
ကျွန်မ အခန်းတံခါးဖွင့်ဝင်လို့ အခန်းထဲ ရောက်တယ်ဆိုရင်ပဲ
အလျင်အမြန် တံခါးချက်ချလိုက်တယ်  ၊
အဲ့ဒီ့နောက် ဖယောင်းတိုင်တစ်တိုင် မီးထွန်းညှိလိုက်တယ် ၊
အခန်းထဲမှာ ဓာတ်မီးအလင်းရောင်ရော
ဖယောင်းတိုင်မီးအလင်းရောင်ရောကြောင့်
အနည်းငယ် လင်းထိန်သွားတယ် ၊
အိပ်ယာထဲ မ၀င်ဖြစ်သေး ၊
ကုတင်ဘေး မတ်တပ်ရပ်လို့ ဘာလုပ်ရရင် ကောင်းမလဲ? တွေးလိုက်မိတယ် ၊
လက်ထဲက နှစ်တောင့်ထိုးဓာတ်မီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ပေါ့ ၊
အသံ နားစွင့်ကြည့်လိုက်တယ်၊
ဘာအသံမှ မကြားရ ၊
ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လို့ ၊
ကျွန်မ အသက်ရှူသံ ကျွန်မ ပြန်ကြားနေရတဲ့အထိ ၊
ဟူး !!!
လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း ကျွန်မ ကုတင်ပေါ် တက်ထိုင်လိုက်တယ် ၊
အဲ့ဒီ့နောက် ခြင်ထောင်ကို လှန် အိပ်ယာထဲဝင် ၊
ခြင်ထောင် ပြန်ဖိ ၊ အိပ်ယာထဲ လှဲမယ်လုပ်ခါမှ
`ဒုန်း !!!´
`အံမယ်လေး!!!´
အခန်းတံခါးမကြီးကို အပြင်ဘက်က ထုရိုက်သံ ၊
ကျွန်မ လန့်ဖျပ်သွားတာမို့ လှဲနေရာက ထထိုင်လိုက်တယ် ၊
ဓာတ်မီးကိုလည်း အခန်းဝင် တံခါးမကြီးဆီ ထိုးလျက်သားပေါ့ရှင်။

ဘာသံများ ထပ်ကြားရမလဲ? ဆိုပြီး စိုးတထိတ်ထိတ်နဲ့ နားစွင့်နေလိုက်တယ် ၊
တော်သေးတယ် ၊ ဘာသံမှ ထပ်မကြားရ ၊
ကျွန်မအတွေးထဲ ၀င်လာတာက
ဒီဘိုတဲ အဆောက်အဦမှာ ပုံမှန် အခြေအနေ မဟုတ်တော့ဘူး ဆိုတာပါပဲ ၊
အခု ကျွန်မ ကြုံတွေ့နေရတာတွေ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်နိုင်ဘူး ၊
မိစ္ဆာတစ်ကောင်ရဲ့ ခြောက်လှန့်မှုတစ်ခုသာ ဖြစ်လိမ့်မယ်လို့
ကျွန်မ တွေးထင်လိုက်ပြီလေ ။

ကျွန်မ ဆက်တွေးတယ် ၊
ခြောက်လှန့်မှုဆိုရင် ငါ ဘယ်လို ဆက်လုပ်မလဲ?
ကျွန်မ အဲ့ဒီ့လောက် သတ္တိမကောင်းပါ ၊
အရမ်းကာရော ကြောက်လန့်တတ်သူတစ်ယောက် မဟုတ်ပေမယ့်
ဘ၀မှာ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသေးတဲ့
မိစ္ဆာကောင်ရဲ့ ခြောက်လှန့်မှုကို ကျွန်မ ခံနိုင်ရည် ရှိပါ့မလား?
ရှိနိုင်မည် မဟုတ်ပါ ၊
ကျွန်မသည် သာမန်ပုထုဇဉ်တစ်ဦးသာ ဖြစ်တဲ့အတွက်
ဘယ်နည်းနဲ့မှ ယခုလို ခြောက်လှန့်ခြင်းကို ခံနိုင်ရည်ရှိမည် မဟုတ် ၊
ဒယ်ဒီတို့ အခန်းကို သွားရင် ကောင်းမလား? ထပ်တွေးကြည့်တယ် ၊
အခန်းတံခါးအပြင်ဘက်မှာ ဘာတွေ ထပ်မြင်ရမလဲ?
ဘာတွေ ရှိနေမလဲ?
အတတ်မပြောနိုင် ၊
အဲ့ဒီ့အတွက် ကျွန်မ မစွန့်စားရဲသေးပါ ၊
ဒီအတိုင်း အခန်းထဲမှာ အခြေအနေစောင့်ကြည့်နေတာကမှ
တော်ရုံကျဦးမည်ဟု တစ်ကိုယ်တည်း ဖြေသိမ့်တွေးရင်း
ဖယောင်းတိုင်မီးကို (၂)တိုင် ခွဲထွန်းလိုက်တယ် ။

ပိုမို လင်းထိန်သွားသော အလင်းရောင်ကြောင့်
စိတ်သက်သာသလို ရှိသွားတယ် ၊
လက်ထဲမှာတော့ ဓာတ်မီးကို မလွှတ် ၊
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ၊
ဘုရားစာ ရွတ်ဖတ်သရဇ္ဈာယ်ဖို့ ဆုံးဖြတ်ပြီးချိန်
ပရိတ်ကြီး(၁၁)သုတ်တို့ ၊ ပဌာန်းကျမ်းတို့က အလွတ် မရ ၊
ရသမျှ ရွတ်ဖတ်မယ်ဆိုပြီး
ဂုဏ်တော်(၉)ပါးနဲ့ သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဖတ်နေလိုက်မိတယ် ၊
ရင်ထဲမှာ တဒိန်ဒိန်း ။

`ဒုန်း !!! ဒုန်း !!! ဒုန်း !!!´
`အံမယ်လေး!!!´
ကျွန်မ လန့်အော်လိုက်မိတဲ့အထိ ကြောက်လန့်သွားမိတယ် ၊
အနည်းဆုံး (၅)ချက်ထက်တော့ မနည်း တံခါးကို အပြင်က ထုရိုက်သံ ၊
`မာမီ ၊ မာမီ´
တုန်ရီတဲ့ အသံနဲ့ ကျွန်မ အော်ခေါ်မိတယ် ၊
ကြောက်လန့်စိတ်ကြောင့် ကုတင်ပေါ်မှာ ဆက်မနေရဲတော့ ၊
ကျွန်မ ကုတင်ပေါ်က ကြမ်းပြင်ပေါ် ဆင်းလိုက်တယ် ၊
တံခါး ထုရိုက်သံ ငြိမ်သက်သွားတယ် ၊
ကျွန်မ ဒူးတွေ တဆတ်ဆတ် တုန်ရီလို့ နေပြီ ၊
တံခါးပေါက်ကို ဓာတ်မီးထိုးကြည့်နေရင်းက
လသာဆောင်ဘက်ကို ဖွင့်ထားတဲ့ ပြတင်းပေါက်ကတစ်ဆင့် ကျွန်မ အကြည့်က ရောက်လို့ သွားတယ် ။

`အံမယ်လေး!!!´
ကျွန်မ မြင်တွေ့လိုက်ရတာက
လသာဆောင် လက်ရန်းကို ကျော်ခွပြီး ကျွန်မ အခန်းဘက်ကို
ကူးလွှားလာဖို့ ပြင်ဆင်နေတဲ့ ပုံသဏ္ဍာန် မပီသတဲ့ မိန်းမတစ်ယောက်ပုံစံ ၊
လရောင်အောင်မှာမို့ အမြင်က မပီပြင် ၀ိုးတ၀ါး ၊
ဖြစ်ချင်ရာဖြစ် ဓာတ်မီးကို လက်တစ်ဖက်က ထိုးလို့
ကျွန်မ အခန်းတံခါးချက်ဖွင့် ပြေးထွက်လိုက်တယ် ၊
ဒယ်ဒီတို့ အခန်းကို တံခါးတောင် မခေါက်တော့ပဲ
နာချင် နာပါစေတော့ ဆိုပြီး
ကျွန်မ ရှိသမျှ အားအင်နဲ့ တွန်းတိုက်ဖွင့်လိုက်တယ် ။

`၀ုန်း !!!....´

တံခါးချက် ပြုတ်သွားတာလား?
မာမီတို့ တံခါးချက် မချထားတာလား?တော့ မသိ ၊
တံခါးပွင့်တဲ့အရှိန်ကြောင့် မာမီတို့အခန်းထဲကို
ကျွန်မ ဒလိမ့်ကောက်ကွေး လဲကျသွားတယ် ၊
ကျွန်မရဲ့ လဲပြိုသံကြောင့် ဒယ်ဒီနဲ့ မာမီလည်း အိပ်ယာက လန့်နိုးသွားပြီး
`ဘယ်သူလဲ?´
မာမီ့ အသံ ကြားလိုက်ရတဲ့အခိုက် ကျွန်မ ပျော်သွားတယ် ၊
`သမီးပါ မာမီ´လို့ ပြောလည်း ပြော ၊
လဲကျနေရာက ကုန်းရုန်းထပြီး
မာမီတို့ ကုတင်နား ပြေးကပ်မလို့ လုပ်ခါရှိသေး ၊
ဓာတ်မီးအောက်စိုက်ထိုးထားတဲ့ အလင်းရောင်ကြောင့်
မာမီတို့ အခန်းဝမှာ မပီမသ မြင်လိုက်ရတာက
ဝိုးတ၀ါး အမျိုးသမီးတစ်ဦးပုံစံ ။

`ဟီး !!! ဟီး !!!...
ဒယ်ဒီ ၊ မာမီ ၊
သမီး သရဲအခြောက်ခံရတယ်´
`ဘာ´
`ဘယ်လို´
ဒယ်ဒီနဲ့ မာမီလည်း အံ့တွေ သြလို့ပေါ့ ၊
မာမီ့ရင်ခွင်ထဲ မျက်နှာအပ်ရင်း ကျွန်မ ချုံးပွဲချ ငိုချလိုက်တယ် ၊
အဲ့ဒီ့နောက် ကျွန်မ ကြုံတွေ့ခဲ့ရတာတွေ
ဒယ်ဒီနဲ့ မာမီ့ကို ပြောပြလိုက်တယ် ၊
ဒယ်ဒီက ဓာတ်မီးထိုးလို့ အပေါ်ထပ်တစ်ခုလုံးကို လိုက်ရှာကြည့်နေတယ် ၊
ကျွန်မကတော့ မာမီ့ကို ဖက်လို့ အခန်းထဲမှာ ကျန်ခဲ့တယ် ၊
ခဏအကြာမှာ ဒယ်ဒီအခန်းထဲ ပြန်ရောက်လာပြီး တံခါးပိတ်လိုက်တယ် ၊
`ဒီမှာပဲ ညအိပ်လိုက်တော့ မီးငယ်´ တဲ့ ၊
ကျွန်မလည်း ပြောလိုက်တယ် ၊
`ဒယ်ဒီ ၊ သမီး ဒီ ဘိုတဲမှာ ဆက်မနေရဲတော့ဘူး ၊
မနက်ဖြန်ကျရင် တစ်ခြားနေရာတစ်ခုကို ပြောင်းရအောင်နော်´လို့ ၊
ဒယ်ဒီကလည်း `အေးပါ မီးငယ်ရယ် ၊
မနက်ဖြန်ကျမှ မျိုးဆွေကို စီစဉ်ခိုင်းလိုက်ပါ့မယ်´တဲ့ ၊
အဲ့ဒီ့ည ကြောက်ရွံ့ထိတ်လန့်စိတ်ကြောင့်
တရှုံ့ရှုံ့ငိုရင်း ဒယ်ဒီနဲ့ မာမီအကြားမှာ
ကျွန်မ အိပ်ပျော်သွားခဲ့တယ် ။

မနက်မိုးလင်းတာနဲ့ ဒယ်ဒီ့ကို ကျွန်မအခန်းထဲ အဖော်ခေါ်
ကျွန်မရဲ့ ပစ္စည်းပစ္စယတွေ သိမ်းဆည်း
ဒယ်ဒီတို့အခန်းကို ပြောင်းရွှေ့လိုက်တယ် ၊
နံနက်စာကို ဘိုတဲ မှာပဲ ဦးမျိုးဆွေက စီစဉ်ထားပါတယ် ၊
မနက် မိုးလင်းနေပေမယ့် ကျွန်မ စိတ်က မသန့် ၊
ဘိုတဲ အဆောက်အဦထဲမှာ ကျီးကြည့်ကြောင်ကြည့် ၊
အဲ့ဒီ့နောက် ဒယ်ဒီနဲ့ ဦးမျိုးဆွေ ဘာတွေ ပြောလဲ? မသိ ၊
ကျွန်မတို့ ဘုရားဖူးပြီး ညနေပိုင်း ပြန်လာတော့
မြို့လည်ပိုင်း ဈေးအနီးလမ်းဆုံက
တည်းခိုခန်းတစ်ခုကို ရွှေ့ပြောင်းလိုက်ကြတယ် ။

အဲ့ဒီ့မြို့မှာ (၃)ညအိပ် (၄)ရက်နေထိုင် ဘုရားဖူး လည်ပတ်ပြီး
အိမ်အပြန်လမ်းကျမှ ဒယ်ဒီနဲ့ မာမီ့ကို မေးကြည့်တယ် ၊
`ဒယ်ဒီ ၊ သမီး သရဲအခြောက်ခံရတဲ့ ညက
ဒယ်ဒီ အခန်းအပြင်ထွက်ကြည့်တော့ ဘာတွေ့ခဲ့လဲဟင်?´
`ဘာမှ မတွေ့ပါဘူး မီးငယ်ရယ်´တဲ့ ၊
ကျွန်မ ရိပ်မိတယ် ၊
ဒယ်ဒီ မျက်လုံးတွေမှာ ဖုံးကွယ်မှုတွေကို မြင်လိုက်ရတယ် ၊
မာမီ့ မျက်လုံးတွေမှာလည်း ထိုနည်းတူ ၊
ကျွန်မကို အသိမပေးချင်တာပဲ ဖြစ်ရမယ် ၊
အဲ့ဒီ့နေ့ညက ဒယ်ဒီ အခန်းအပြင်ဘက်မှာ
တစ်စုံတစ်ခုကို မြင်တွေ့ခဲ့ရလောက်တယ် ၊
ယနေ့ချိန်ထိ ကျွန်မကို မပြောပြ ၊
မာမီကလည်း နှုတ်ဆိတ်လို့ ၊
ဘယ်လိုမေးမေး မပြော ။

ဒယ်ဒီနဲ့ မာမီတို့ ကျွန်မကို မသိစေချင်လို့ ဖုန်းကွယ်ထားတာ
ကျွန်မ ရိပ်မိတယ် ၊
ဒယ်ဒီနဲ့ မာမီတို့ အဲ့ဒီ့ ဘိုတဲအကြောင်း သိခဲ့လိမ့်မယ် ၊
ဦးမျိုးဆွေ ပြောပြတာလည်း ဖြစ်နိုင်သလို ၊
ကျွန်မ သရဲအခြောက်ခံရတဲ့ညက ဒယ်ဒီလည်း
တစ်စုံတစ်ခုကို ကိုယ်တွေ့မျက်မြင် မြင်တွေ့ချင် မြင်ခဲ့ရလိမ့်မယ်၊
တစ်ခုခုတော့ သေချာတယ် ၊
နှစ်ခုစလုံး ဖြစ်နိုင်ချေ များတယ် ၊
ဘာလို့ အခုလို ပြောနိုင်လဲ? ဆိုတော့
ကျွန်မ ကိုယ့်ဒယ်ဒီအကြောင်း ကိုယ်သိတယ် ၊
အဲ့ဒီ့ညကသာ ဒယ်ဒီ တစ်စုံတစ်ခုကို ကိုယ်တွေ့ မမြင်ခဲ့ရဘူးဆိုရင်
(သို့မဟုတ်) ဦးမျိုးဆွေသာ အဲ့ဒီ့
ဘိုတဲရဲ့ ခြောက်လှန့်တဲ့ အကြောင်း မပြောပြခဲ့ဘူးဆိုရင်
ဒယ်ဒီ့ရဲ့ ဆူပူတတ်တဲ့ အကျင့်ကြောင့်
ကျွန်မ အဆူအပူခံရမှာ အသေအချာပဲ ၊
ဒယ်ဒီ ကိုယ်တိုင်မြင်ခဲ့ ၊ ဒါမှမဟုတ် သိခဲ့လိုသာ
နောက်တစ်နေ့ ဘိုတဲ ကနေ တည်းခိုခန်းကို ပြောင်းရွှေ့ခဲ့တာလေ ။

ဒယ်ဒီနဲ့ မာမီတို့ မပြောပြလည်း
ကျွန်မကတော့ ကိုယ်တွေ့ အခြောက်လှန့်ခံခဲ့ရသူမို့
အသေအချာကို ပြောရဲတယ်ရှင်  ၊
`အဲ့ဒီ့ ဘိုတဲ မှာ မိစ္ဆာတစ်ကောင် ရှိတယ်´။          ။

Thanks for all.
 
 #TaSayMa4

                                     Ta Say Ma
                                     2017 May 4
Crd : #Ta Say Ma Lay

0 comments:

Post a Comment